Friday, September 6, 2013




ကင်မရာကို အားပြုတည်ဆောက်သည့် မိုဘိုင်းလ်ဖုန်းအဖြစ် Xperia Z1 ကို Sony က မိတ်ဆက် ပြသလိုက်ပြီ ဖြစ်သည်။ ရှင်းလင်းပြတ်သားပြီး အရောင်အသွေး စိုပြေလှပသော ဓာတ်ပုံများ ရိုက်ကူးနိုင်ရန် ရည်ရွယ်ထားသည့် Xperia Z1 သည် အထင်ကြီးလောက်ဖွယ်ရာ ကင်မရာ အရည်အသွေး 20.7 megapixel ဖြင့် ပွဲထွက်လာခဲ့သည်။ ထို့အပြင် ဖုန်းကိုယ်ထည်မှာ ရေစိုခံနိုင်သည့် အမျိုးအစားဖြစ်ပြီး G Lens ဒီဇိုင်းဖန်တီးမှုဖြင့် ကင်မရာ စွမ်းဆောင်ရည်ကို အမြင့်ဆုံး ရောက်ရှိစေမည်ဟု Sony က ဆိုသည်။ အဆိုပါ ဖုန်းသစ်ကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ပြုလုပ်သည့် IFA ပြပွဲတွင် စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
Sony ၏ မိုဘိုင်းလ်ဖုန်းသည် ဗီဒီယိုများ ရိုက်ကူးမှုကို Social Network များပေါ် Live Streaming လွှင့်တင် ပြသနိုင်အောင်လည်း ဖန်တီးထားသည်။ Sony သည် ယခုဖုန်းသစ်အပြင် စမတ်ဖုန်းများနှင့် အဆင်ပြေစွာ တွဲဖက်နိုင်မည့် မှန်ဘီလူး နှစ်မျိုးကိုလည်း တစ်ပါတည်း မိတ်ဆက်ခဲ့သည်။ DSC-QX10 နှင့် DSC-QX100 အမျိုးအစား မှန်ဘီလူးများသည် Xperia Z1 ဖုန်းနှင့်ရော၊ ကင်မရာများနှင့်ပါ အလွယ်တကူ အဖြုတ်အတပ် ပြုလုပ် အသုံးပြုနိုင်သည်။ ထို့အပြင် အဆိုပါ မှန်ဘီလူး နှစ်ခုလုံး၌ Built-In WiFi ချိတ်ဆက်မှုစနစ် ပါရှိလာခဲ့သည်။
ထို့အပြင် Sony သည် Smartwatch2 စမတ်နာရီ အမျိုးအစားသစ်ကိုလည်း စက်တင်ဘာလကုန်တွင် ရောင်းချမည်ဟု ကြေညာခဲ့သည်။ ယင်းစမတ်နာရီသည်လည်း ရေစိုခံ အမျိုးအစားဖြစ်ကြောင်း Sony ၏ CEO ကက်ဇ်ဟီရိုင်က “ကျွန်တော်တို့ဟာ လူတွေ ဘာလိုအပ်နေတယ် ဆိုတာကို အချိန်ယူ စကားပြော လေ့လာခဲ့တာပါ။ Sony ဆီက သူတို့ တောင်းဆိုချင်တာကို အကောင်းဆုံး ဖြည့်ဆည်းဖို့ အမြဲတမ်း လုပ်ဆောင်နေတာပါ” ဟု ပြောကြားခဲ့သည်။ Sony Xperia Z1 သည် 4G စနစ် ချိတ်ဆက်နိုင်ပြီး (၅) လက်မအကျယ် Display ပါရှိကာ Qualcomm Snapdragon 800 Processor 2.2 GHz Quad-Core ကို CPU အဖြစ် အသုံးပြုထားသည်။ DSC-QX10 နှင့် DSC-QX100 ကင်မရာ မှန်ဘီလူးများမှာမူ Android OS အသုံးပြုထားသည့် ဖုန်းတိုင်းနှင့် အဆင်ပြေပြေ ချိတ်ဆက်နိုင်စေမည်ဟု ဆိုသည်။
DSC-QX10 သည် (၁၀၅) ပေါင် လေးပြီး 18.2 Megapixel အာရုံခံ စနစ်ပါရှိပြီး G Lens နည်းပညာဖြင့် အားကောင်းသော မြင်ကွင်းချဲ့အား (၁၀) ဆထိ ရရှိနိုင်မည် ဖြစ်သည်။ DSC-QX100 တွင် 1.0-type Exmor R CMOS အာရုံခံကိရိယာ ပါရှိပြီး 20.2 Megapixel အရည်အသွေး ရှိနေသည်။ Sony သည် ယခုနှစ် အစောပိုင်းက ကြေညာအသိပေးထားသည့် Smartwatch 2 ကို မကြာမီ ရောင်းချမည်ဟုလည်း အတည်ပြုသွားပြီး ယင်းစမတ် လက်ပတ်နာရီသည် (၁.၆) လက်မအကျယ် LCD Screen၊ အလျူမီနီယံနှင့် ပလပ်စတစ် ရောစပ်ကိုယ်ထည်တို့ ပါရှိကာ Android 4.2 ကို OS အဖြစ် အသုံးပြုထားသည်။ Sony သည် Cyber-Shot RX1R နှင့် RX100M2 ကင်မရာများ၊ VAIO Fir နှင့် VAIO Tap 11 အမျိုးအစား ကွန်ပျူတာသစ်များကိုပါ မိတ်ဆက် ပြသသွားခဲ့သည်။
Ref & Credit: Planet Myanmar Network














http://dl10.glitter-graphics.net/pub/2110/2110980kno3bjubc0.gif
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPjbDiQGhTKCp1Yi-yZ3yaFqsDR2a2D1WZDn39VMCH4YaxpNPCVVvFrSu8TYnbEmIJx-68FOGu80TSs9A-dxzp14xxOZ9eEgD0b0n-W3u9B3m8Thyui6JgbMjWS6LJz0Dvxl6bja4wWA/h99/dd.gif

>>Chin Mobile Group a ka leng tu nan cung ah kaa Lawm! Hi Website ah catial na duh ah cun dennisrampengthang7@gmail.com ah kuatkhawh asi, Zaangfahtein facebook Like pek in le.... >>www.chinmobilegroup.blogspot.com<<.... hi na hawi le chimkhawh ka zuam piak ve hram uh , Dennis Ram Peng Thang>>



No comments:

Post a Comment