
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချထားပေးလျက်ရှိသည့် တန်ဖိုးနည်း ဆင်းကတ်များ သတ်မှတ်ထားသည့် ၁၅ ရက် အတွင်းတွင် ငွေမဖြည့်သည့် ကတ်များကို အလိုအလျောက် ပိတ်သိမ်းမည်ဟု ကြေညာချက် ထုတ်ပြန် ထားခဲ့သော်လည်း ယခုအခါ ထိုကဲ့သို့ သတ်မှတ်ထားသည့် ရက်ထက် ကျော်လွန် သွားပါကလည်း သက်တမ်း တိုးအနေဖြင့် ပြန်လည်၍ လျှောက်ထားနိုင်ရာ တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များ ကို ပြည်သူများ အနေဖြင့် ဝယ်ယူရန် စိတ်ဝင်စားမှု မြင့်တက် လာနေကြောင်း သိရသည်။
”အရင်တုန်းကတော့ ဖုန်းထဲမှာ ၃ဝဝ အောက် ရောက်သွားလို့ ငွေမဖြည့်ဘဲ ၁၅ ရက်ထားရင် ဖုန်းက အော်တို ပိတ်သွားမယ် ဆိုပြီး သိထားတော့ သိပ်ပြီး စိတ် မဝင်စားဘူး။ အခုဆို ရက်ကျော်သွားလည်း ရက်ကျော်ရင် ပြန်လျှောက်လို့ ရတဲ့အတွက် တန်ဖိုးနည်း ဖုန်းတွေက တန်ကြေးတွေ မြင့်တက်လာတယ်” ဟု ပြည်တွင်း ဖုန်းဈေးကွက် လေ့လာသူ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို သက်တမ်းတိုး လျှောက်ထားပါက ဖုန်းစာချုပ် မူရင်းနှင့် မိတ္တူ တစ်စောင်၊ သက်တမ်း လွန်ရခြင်း အတွက် ထောက်ခံချက် (ကတ်ထုတ်ပေးထားသည့် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာန၏ ထောက်ခံချက်)၊ ဖုန်းပိုင်ရှင်၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ တစ်စောင် စသည့် စာရွက် စာတမ်းများနှင့် အတူ တိုင်းဒေသကြီး မန်နေဂျာထံ လိပ်မူ၍ လျှောက်ထားရမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။
တန်ဖိုးနည်းဖုန်း ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် လက်ဝယ် ရရှိထားပြီး ဖြစ်သော်လည်း သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာချုပ် ထုတ်ပေးထားခြင်း မရှိသေးသည့် သူများအနေ ဖြင့်လည်း စာချုပ် မထုတ်ရသေးကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ ထောက်ခံချက် ပါရှိရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ ဆက်သွယ်ရေးမှ ဖုန်းမှောင်ခိုဈေးကွက် ကာကွယ်ရန် အတွက် ဆင်းကတ်များကို ဝယ်ယူပြီး ၁၅ ရက် အတွင်း အသုံး မပြုပါက ဖုန်းလိုင်း ပိတ်သိမ်းရခြင်း ဖြစ်ကြောင်း၊ အဆိုပါ တန်ဖိုးနည်းဖုန်း ပြောဆိုခမှာလည်း ခေါ်ဆိုခ ငွေကျပ် ၅ဝ ဖြစ်ပြီး ဖုန်းအဝင်မှာ ပေးရန် မလိုကြောင်း သိရသည်။
MEC မှ ပြည်တွင်း ဆက်သွယ်ရေး ကွန်ရက်တွင် ချထားပေးပြီး ဖြစ်သည့် ငွေကျပ် ၁၅ဝဝ တန် CDMA 800 MHz မိုဘိုင်းလ် ဖုန်းလိုင်း ကွန်ရက်မှာ လက်ရှိအချိန်တွင် လိုင်း အရေအတွက် ၁ဝ သိန်းကျော် ချထားပေးပြီး ဖြစ်ရာ လိုင်းပြည့်ကျပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက် တိုးချဲ့နေသည့် မိုဘိုင်းလ် ကွန်ရက်များမှာ 3G စနစ် အသုံးပြုသည့် GSM မိုဘိုင်းလ်ဖုန်းလိုင်း ကွန်ရက်များသာ ဖြစ်ကြောင်း မိုဘိုင်းလ် အင်ဂျင်နီယာမှူး တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် အဆိုပါ ဖုန်းလိုင်းများကို ဇူလိုင် ၂၅ ရက်က GSM ဖုန်းလိုင်း အရေ အတွက် နှစ်သိန်းကို ငွေကျပ် ၁၅ဝဝ ဖြင့် ပထမဦးဆုံး အကြိမ် စတင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
Ref & Credit: မြ၀တီ